ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြည်သူများထံ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံအရှေ့ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်း ၉ နာရီအချိန်က ရှမ်းတဲကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံ သွားရောက်ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကြည်ဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းတဲကြီးကွင်း ကျေးရွာအုပ်စု အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မပြုလုပ်ရသေးသည့် အသက်၁၀နှစ်နှင့် ၁၈နှစ်ကြားပြည်သူ (၄၅)ဦး၊ အသက်၁၈နှစ်အထက် (၆)ဦး၊ နိုင်ငံသားစီစစ်ရေးကတ်ပြားလဲလှယ်(၅၄)ဦး၊ အိမ်ထောင်စုမိတ္တူ(၂၇)ဦး စုစုပေါင်း (၁၃၂)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူး ရုံးတွင်"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်စို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)