ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ငွေများ ပေးအပ်

မောင်တော   ဧပြီ   ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား  အာယာရ ဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်အရ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စုရပ်အသီးသီးတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် (၂)နှစ် အောက် ကလေးငယ်များအား  ယမန်နေ့ နံနက်ပိုင်းကစ၍ စတင်ကာ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် ဦး ဆောင်၍  ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မောင်တောခရိုင်အတွင်းရှိ  ကိုယ်ဝန်ဆောင် မိခင်များနှင့် (၂)နှစ် အောက်ကလေးများ အား တစ်လလျှင် ငွေကျပ် (၁၅၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ မောင်တော မြို့နယ် အတွင်းရှိ အကျိုးခံစား ခွင့်ရှိသူ (၈၄၁၄)ဦးအတွက် ငွေကျပ် (၃၆၁၅၄၅၀၀၀) ကျပ်နှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ အကျိုးခံစား ခွင့်ရှိသူ (၁၃၈၅၃)ဦးအတွက် ငွေကျပ် (၅၉၃၈၃၅၀၀၀)ကျပ်  စုစုပေါင်း ထောက်ပံ့ငွေ (၉၅၅၃၈၀၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်မည်ဖြစ်ရာ  ယမန်နေ့ နေ့လည်ပိုင်းက  ရွှေဇားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်  ခရိုင်လူမှု ဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင် မိခင်များအား အစာအဟာရ နှင့် ဦးနှောက် စွမ်းရည်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောခဲ့ပြီး  ဟောပြောပွဲသို့ တက်ရောက်လာသူ ကိုယ်ဝန်ဆောင် မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအား  အဟာရဖွံ့ဖြိုးစေ ရေးအတွက် အဟာရဖြည့်စွက်စာ များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရ သည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)