ကျောက်ဆည်မြို့နယ်တွင် တရုတ်ပြည်နှင့် ရခိုင်ပြည်နယ်မှ ပြည်လည်ရောက်ရှိလာသူ (၂၈) ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများရယူ

ကျောက်ဆည်  စက်တင်ဘာ - ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည့် တရုတ်ပြည်မှ (၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၇ )ဦး စုစုပေါင်း (၂၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေးဓာတ်ခွဲနမူများရယူနိုင်ရန် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နမူများကို ယနေ့နံနက် ၉ နာရီက ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲနမူနာများရယူရာတွင် ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်၊ ဦးစီးအရာရှိ ဒေါက်တာအောင်မင်းခန့်နှင့် မိခင်နှင့်ကလေးသားဖွားဆရာမ ဒေါ်စန္ဒာလွင်၊ ဒေါ်ဝါဝါထွန်းတို့သည် တရုတ်ပြည်မှနေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည့် ပြည်တော်သာကျေးရွာမှ (၃) ဦး၊ ရွာတော်ကျေးရွာမှ (၂) ဦး ၊မြင်စိုင်းရပ်ကွက်မှ (၂) ဦး၊ သစ်ကြီးတန်းရပ်ကွက်မှ (၄) ဦးနှင့် ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်လည်ရောက်ရှိလာသည့် မင်းရပ်ရပ်ကွက်မှ (၃) ဦး၊ ရဲရွာလျှပ်စစ်မှ (၂) ဦး၊ စုစုပေါင်း (၁၆) ဦးတို့၏  ဓာတ်ခွဲနမူနာများအား စစ်ဆေး၍  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန (မန္တလေး)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်မှ နေရပ်သို့ပြန်လည်ရောက်ရှိလာကြသည့် ပုထိုးကျေးရွာမှ (၁) ဦး၊ မြင်စိုင်းရပ်ကွက်မှ (၂) ဦး၊ သပြေတောကျေးရွာမှ (၃) ဦး၊ မုန့်ပေါင်းကျေးရွာမှ (၃) ဦး၊ သပြေသာကျေးရွာမှ (၃) ဦး၊ စုစုပေါင်း (၁၂) ဦးတို့၏ ဓာတ်ခွဲနမူများကို ဩဂုတ်လ (၂၅) ရက်နေ့တွင် စစ်ဆေးဆောင်ရွက်ပြီးဖြစ်သော်လည်း ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူများ ထပ်မံရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်ကပြောပြ၍ သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)