ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဂွ ဧပြီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို  ယနေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များရှိ   ပြည်သူများအနေဖြင့် နွေရာသီရောက်ရှိလာပြီးဖြစ်ပါ၍ မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊ လျှပ်စစ်မီးဖို၊ ထင်းမီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေ မီးများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်းသတ်ထားရန်၊ ဟောင်းနွမ်း ဆွေးမြေ့နေသော လျှပ်စစ် ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများအား ဆောင်ရွက်ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန်စသည့် အသိပညာပေး နှိုးဆော်ခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရွှေရည်ဝင်းကျော်