ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီ စိုက်ပျိးတောင်သူများ စတင်နုတ်သိမ်း တစ်ပိသာ ၆၀၀ ကျပ်ရရှိခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ တွက်ခြေကိုက်နေ

ညောင်ဦး ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့် ကျေးရွာ ဖြစ်သော ညောင်ဦးမြို့နယ် ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာ၊ တောင်ဖက်တန်း ကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ ဆောင်ကြက်သွန်များ စတင်နုတ်သိမ်း နေပြီဖြစ်ကာ ကြက်သွန် တစ်ပိသာ ၆၀၀ ကျပ် ဈေးသာရှိနေပြီး ဆောင်ကြက်သွန် နုတ်သိမ်းချိန် အလုပ်သမားခ ဈေးကြီးကာ လုပ်သားရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ညောင်ဦးမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူများ၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာ နှစ်ဆယ်ကျော် သည် ဆောင်းကြက်သွန် အမြောက်အများ စိုက်ပျိုးကြပြီး ဆောင်းကြက်သွန်ပျိုး (မျိုး) ထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ဆောင်းကြက်သွန် ပျိုးထောင် ကြကာ ကြက်သွန်ပျိုးသက် ရက်ပေါင်းလေးဆယ့်ငါးရက်ရှိ လျှင် ကြက်သွန်စိုက်မည့် စိုက်ခင်းထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း သိရသည်။ ကြက်သွန်စိုက်ချိန်တွင် ထွန်စက်ဖြင့်ထွန်ခြင်း၊ နွားရှဉ်းဖြင့် ထွန်ခြင်းများဖြင့် မြေညက်နေစေရန် ထွန်ရက် ထွန်ယက်ပြီးချိန် မြေဆီအတွက် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးတို့အား ကြက်သွန်စိုက်တောင် သူတိုင်းအသုံးပြုကြပြီး၊ နှမ်းဖတ်၊ ပဲဖတ်မှုန့်များ ကြဲဖြန့် ပေးရကြောင်း၊ ကြက်သွန်စိုက်ပြီး တစ်လခွဲခန့်ကြာလျှင် ကြက်သွန်အပင် ဖြစ်ထွန်းမှုအခြေအနေ ကြည့်ပြီး ရွက်ဖျန်းဆေး၊ ပုလဲခေါ် ယူရီယားဓာတ်မြေဩဇာထပ်ပြီး ပက်ရကြောင်း၊ ကြက်သွန် စိုက်ပျိုးရာတွင် နံနက်၊ည နှစ်ကြိမ်ရေးဖျန်းပေးရပြီး နုတ်သိမ်းမည့် ဆယ့်ငါးရက်အလိုထိ ရေဖြန်း ပေးရကြောင်း ဆပ်ပြာ ကျင်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးမင်းညိုက ရှင်းပြသည်။ ဆောင်းကြက်သွန် တစ်သီး ပျိုးထောင်ချိန်မှ နုတ်သိမ်းသည်အထိ ငါးလခန့်ကြာမြင့်ကြောင်း သိရကာ ကြက်သွန်နုတ်ချိန် အလုပ်သမတစ်ဦး နံနက် ၉နာရီမှ ညနေလေးနာရီထိ လေးထောင်ကျပ်၊ အမျိုးသား ခြောက်ထောင်ကျပ်ပေးရပြီး သယ်ယူသည့် ပုဇဉ်းကောင်း ထော်လာဂျီ တစ်ခေါက် တစ်သောင်းခွဲ ကျပ်ပေးရကြောင်း၊ ထွားလှည်း တစ်မနက် သောင်းနှစ်ထောင်ကျပ်ပေးရကြောင်း ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ထွန်စက်ခ၊ ထွန်ရှဉ်းခ၊ လုပ်သား၊ မြေဆီ၊ ရွက်ဖျန်းဆေး၊ စက်ဆီ၊ စိုက်ခ၊ နုတ်သိမ်းခ၊ သယ်ယူခ၊ ကြက်သွန်လှောင်စင်ပေါ် တင်ခများဖြင့် ကြက်သွန်စိုက်ခြင်း သည် ကရိကထအလွန်များကာ ကြက်သွန်တစ်ဧက စိုက်ပျိုးချိန် နှစ်ဆယ်ငါးသိန်းခန့်ကုန်ကျ ကြောင်း သိရကာ ကြက်သွန်နုတ်သိမ်းစ တစ်ပိသာ ခုနှစ်ရာကျပ်ဈေးမှသာ ဈေးနှုန်းအသင့်ဖြစ်ကာ တစ်ပိသာ ၆၀၀ ကျပ်ဈေးဖြစ်နေခြင်းကြောင့် ဆောင်းကြက်သွန်စိုက်တောင်သူများ စိုက်ပျိုး ကုန်ကျစရိတ် များနေကြကြောင်း‌ ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက် တောင်သူများက ပြောကြား၍ သိရသည်။

ဆောင်းကြက်သွန်များသည် အထားအင်မတန်ခံခြင်းကြောင့် တစ်နှစ်ပတ်လုံးလှောင်၍ ရသော်လည်း ငွေကြေးအခက်အခဲရှိသည့် တောင်သူများ နုတ်သိမ်းပြီးချိန်ရောင်းချရပြီး ငွေကြေး တတ်နိုင်သူများ လှောင်ထားကြကာ လှောင်ကြက်သွန်ဈေးကောင်းချိန်ဖြစ်သည့် ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများတွင် ဆောင်းကြက်သွန်များ ထုတ်ရောင်းကြသည်။ ယခုနှစ် ဆောင်းကြက်သွန်နုတ်သိမ်းချိန် အရည်အသွေးကောင်းမွန်သည့် ကြက်သွန်ဥများ ထွက်ရှိခြင်း၊ တစ်ဧက အထွက်နှုန်းကောင်းမွန်ခြင်းများကြောင့် နုတ်သိမ်းစချိန် ကြက်သွန်နီ တစ်ပိသာ ၆၀၀ကျပ် ၆၅၀ကျပ်သည်တောင်သူများမျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကြောင်း လည်းသိရသည်။

ကိုထိန်၊KPD