မုဒုံ စက်တင်ဘာ ၁
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလစဉ် ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ယနေ့ နံနက်(၇)နာရီခွဲမှ စတင်၍ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်း များကိုဆောင် ရွက်ခဲ့သည်။
ထိုသို့ ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို အသက်(၂)လကလေးငယ်များအား အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန် အဆုတ်ရောင် ရောဂါနှင့် အသည်းရောင်အသားဝါ(B)ကာကွယ်ဆေးများကိုလည်းကောင်း၊ အသက်(၉)လမှ (၁)နှစ်ခွဲ ကလေးငယ်များကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် အသည်းရောင် အသားဝါ(B) စတုတ္ထကြိမ် မြောက် ကာကွယ် ဆေးများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြစ် ကြောင်း မိခင်နှင့် ကလေး ကျန်းမာရေး ဌာန မှ ဒေါ်နွယ်နွယ် အေး ကပြောသည်။
အဆိုပါ ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို မုဒုံမြို့နယ်ရှိမြို့မ(၁)ရပ်ကွက်တွင် အသက်(၂) လမှ(၁)နှစ်ခွဲထိ ကလေးငယ်(၄၇)ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၂၀)ဦးတို့ကို (၂)ရက်ကြာ ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ပြီး ကျန်ရပ်ကွက်/ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနများတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)