မိတ္ထီလာတွင် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဧပြီ ၃

မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်းနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းနှင့် အလှူရှင်မှ လှူဒါန်းသည့် စာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းနှင့်  စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)တို့၏ နာယက      စာရေးဆရာ ဘိုမျိုး(ရွှေဘို) က အမှာစကားပြောကြားသည်။

၎င်းနောက် နိုင်ငံဘဏ္ဍာကိုခြိမ်းခြောက်နေသည့် အခွန်နှင့် အခြားဆောင်းပါများ စာအုပ်များ လှူဒါန်းရခြင်း အကြောင်းကို  အလှူရှင် ဦးညွန့်တင် (စာရေးဆရာ ပြည်သာယာ)က ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များ၊ ရှင်သန်ခိုင်မာသော ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များအတွက် အဆိုပါ ၅၈ အုပ်အား အဆိုပါ စာအုပ်ရေးသားသူ အလှူရှင် ဦးညွန့်တင် (စာရေးဆရာ ပြည်သာယာ)က ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် ထံ ပေးအပ်လှူဒါန်းသည်။

စာအုပ်များ လှူဒါန်းခြင်းအတွက်  လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျေးဇူးတင်စကား ပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ  စာရေးဆရာမ ခင်လေး (ပြည်ထောင်စုနယ်မြေ) ရေးသားသည့် စွဲထင်ကျန်ရစ် အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတိုများ စာအုပ်အကြောင်းကို မြို့နယ် စာရေးအသင်း အတွင်းရေးမှူးစာရေးဆရာ ကြည်သိန်းဇော်နှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ချမ်းသာ