စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

စဉ့်ကူး ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် စည်ပင်သာယာခန်းမတွင် ယနေ့နံနက် ၉ နာရီမှစ၍ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတို့ကို တိုက်ကျွေးခဲ့သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)