ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဝင်များမှ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ရှောင်တခင်စစ်ဆေး

ဒဂုံမြောက် စက်တင်ဘာ ၁

လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ  လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့်  မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ဝင် များသည် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်း (၃၄) ရပ်ကွက်၊ (၃၈) ရပ်ကွက်ရှိ ဆိုင်များအားရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရ သည်။

စားသောက်ဆိုင်နှင့် လဘက်ရည်ဆိုင်များအား ယခင်က ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု ခဲ့ရာမှ ယခုအချိန်တွင် နိုင်ငံတော်မှ ပြည်သူများစားဝတ်နေရေးအတွက် ဖြေလျော့ပေးသည့် အနေဖြင့် ဆိုင်ထိုင်စားသောက်ခြင်းများကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး မြို့နယ် အတွင်း ပြန်လည်ဖွင့်လှစ် ရောင်းချလျက် ရှိသည့် လဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ဆိုင်ပိုင်ရှင်များ၊ ဆိုင်တာဝန်ခံ များ၊ ဝန်ထမ်းများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ  စည်းကမ်းသတ်မှတ်ချက်များ အား လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များမှ မြို့နယ်အတွင်း (၃၄) ရပ်ကွက်၊ (၃၈)ရပ်ကွက်တို့တွင် အဖွဲ့(၂)ဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များ ရှောင်တခင်စစ်ဆေးမှုနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဖြိုးကိုကိုက "အချို့ လဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် တွေမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းနေ တဲ့အတွက် ယခုလို ရှောင်တခင် စစ်ဆေးခြင်း ဖြစ်ကြောင်း၊  ယခင်စစ်ဆေးချက်များအပေါ် လိုက်နာမှု ရှိ၊ မရှိကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းစစ်ဆေးခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် လိုက်နာမှုမရှိပါက သတိ ပေးခြင်း၊ ဒုတိယအကြိမ် လိုက်နာမှုမရှိ ပါက ဆိုင်(၃)ရက် ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ်တွင် မလိုက်နာပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း " ပြောကြားသည်။

မြင့်ရီ(ပြန်/ဆက်)