မာန်အောင် မတ် ၃
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကို စနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဖြိုးနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် နွေရာသီ ရောက်ရှိလာပြီ ဖြစ်ပါ၍ မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊ လျှပ်စစ်မီးဖို၊ ထင်းမီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်းသတ် ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင် အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦများတွင်မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းများအား ဆောင်ရွက် ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် စသည့်အသိပညာပေး နှိုးဆော်ခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှသိရသည်။
သိန်းဖေ(ပြန်/ဆက်)