လားရှိုး ဧပြီ ၂
၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနေသော လားရှိုးမြို့အမှတ်(၃)၊ အမှတ်(၆)ကျောင်းရှိကျောင်းသား/ကျောင်းသူများအား ဧပြီ(၂)ရက်နံနက်(၉)နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်မှုရုံးခန်း၊ ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် ဆေးပေးခန်းတို့အားကြည့်ရှုကာ လိုအပ်သည့်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လားရှိုးမြို့နယ်အနေဖြင့် ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၂,၀၆၅)ဦး၊ လာရောက်ဖြေဆိုသူ(၁,၈၄၅)ဦးရှိကြောင်းသိရသည်။
ဆက်လက်၍လားရှိုးမြို့တော်ခန်းမ၌ ကျင်းပသော လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ စုစုပေါင်း(၈,၉၀၅)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်(၁၉)မြို့နယ်တွင် ဆောင်ရွက်ပေးရမည့် သူဦးရေ(၃၂၈,၅၂၃)ဦးရှိပြီး ယနေ့ထိ(၃၃၂,၃၄၈)ဦး ဆောင်ရွက်ပေးပြီးသည့်အတွက် ဆောင်ရွက်ရန် ကျန်(၆,၁၇၅)ဦးသာ ဆောင်ရွက်ရန် ကျန်ရှိသည့်ကို တွေ့ရှိရပါကြောင်း၊ လျာထားချက် ကိန်းဂဏန်းများအပေါ် (၁၁)မြိူ့နယ်ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်သလို ကျန်(၈)မြို့နယ်ကိုလည်း ရာနှုန်းပြည့် အမြန်ပြီးစီးအောင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ယနေ့တွင်လည်း လားရှိုးခရိုင်အတွင်းရှိ တိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်နှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၈,၉၀၅)ကတ်အား ပြည်သူများလက်ဝယ်သို့ ပေးအပ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။
ထို့နောက်လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ ဒေသခံပြည်သူများ စုစုပေါင်း(၈,၉၀၅)တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကိုးကန့်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ဒေသခံပြည်သူများမှ အသီးသီးလက်ခံရယူကြပြီးတက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ခန်းမအတွင်း ပြသထားသောဓါတ်ပုံပြဘုတ်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။
၎င်းနောက်လားရှိုးတက္ကသိုလ်က မ္ဘောဇခန်းမတွင် လားရှိုးတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးတက္ကသိုလ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ငွေကျပ်သိန်း(၁၂၀)တန်ဖိုးရှိ အားကစားနှင့် ဆက်စပ်ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်မှ လက်ခံရာယူပြီးပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က လားရှိုးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းနှင့် ဘောလုံးကွင်း ဖောက်လုပ်ခြင်းတို့အား ကြည့်ရှုစစ်ဆေးပြီးပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့သည်။
ယင်းနောက်လားရှိုးပညာရေးကောလိပ်ရတနာခန်းမတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးအဖွဲ့ လားရှိုးပညာရေးကောလိပ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ ငွေကျပ်သိန်း(၁၂၀)တန်ဖိုးရှိ အားပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီးပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးပညာရေးကောလိပ်ရှိ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု့ကို ကြည့်ရှုစစ်ဆေးပြီး မန်ဆူဘုန်းကြီးကျောင်း ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး သီရိမင်္ဂလာမန်ဆူကျောင်းတိုက်အတွင်း ဆောက်လုပ်နေသည့် သီရိမင်္ဂလာ ဓမ္မရတနာ ၃ ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရူကြကြောင်းသိရသည်။
မောင်မောင်သန်း (တောင်ကြီး)