နမ့်ခမ်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိမ်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ လူမှုရေးပရဟိတအသင်းတို့ ပူးပေါင်းပြီး မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးစောင့်ကြည့်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
နမ့်ခမ်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်စက်ဘီးစီးအဖွဲ့(NMBG) လူမှုရေးပရဟိတအသင်းတို့ ပါဝင်ပူးပေါင်းပြီး မူဆယ်မြို့မှ နမ့်ခမ်းမြို့အဝင်မုဒ်ဦး၊ နမ့်ဖတ်ကာမှ နမ့်ခမ်းမြို့အဝင်နှင့် စခန်း သစ်ကုန်းမြို့အဝင်ဂိတ်တို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးစစ်ဆေးစောင့်ကြည့်လျက်ရှိသည်။ " ကျွန်တော်တို့အဖွဲ့က ရောဂါစစ်ဆေး စောင့်ကြည့်တဲ့ နေရာမှာ နံနက်(၆)နာရီမှ ည(၆) နာရီထိ အလှည့်ကျစနစ်နဲ့ ဆောင်ရွက်နေပါတယ်၊ ခရီးသွားလာသူတွေကို ကိုယ်အပူချိန် တိုင်းသာခြင်း၊ နှာခေါင်း စည်း မရှိသူတွေကို နှာခေါင်းစည်းတွေပေးပြီး စနစ်တကျတပ်ဆင်အသုံးပြုစေပါတယ်၊ လက်ကို ပိုးသတ်လက်ဆေးရည်နဲ့ ဆေးကြောစေပြီး ခရီးသွားရာဇဝင်မှတ်တမ်း တွေကို စနစ်တစ်ကျကောက်ယူ ထားပါတယ်”လို့ ရောဂါစစ်ဆေးစောင့်ကြည့်သည့်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သည့် နမ့်ခမ်းမြို့နယ် စက်ဘီးစီး အသင်းဝင်သူတစ်ဦးက လုပ်ငန်း ဆောင်ရွက်ချက်များကို ပြောကြားသည်။
နမ့်ခမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးပရဟိတ အသင်း အဖွဲ့များက မြို့တွင်း ဝင်ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း( ပြန်/ဆက်)