ပုသိမ်ကြီး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာ၊ လူငယ်သင်တန်းကျောင်းရှိ ကလေးငယ်များအား ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ သည့် အဆိုပါသင်တန်းကျောင်းမှ သင်တန်းသားများကို နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၆) ကတ်အား မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်မှ သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် အသုံးဝင်ပုံများကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မင်းက ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်နှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို (ပုသိမ်ကြီး)