သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သီပေါ   စက်တင်ဘာ   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာကော်မတီအသီးသီး၏ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်သည်များ တင်ပြဆွေးနွေး ပေးကြရန် နှင့်  ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ် ဒေါက်တာမျိုးအောင် က ကိုဗစ်-၁၉ ရောဂါ လျှင်မြန်စွာကူးစက်ပြန့်ပွားပုံများ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာများ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက်၍ကြိုတင်ဆောင်ရွက်ရမည့် အချက်များအား အသေးစိတ် ရှင်းလင်းခြင်းကိုလည်းကောင်း၊ မြို့နယ် လမ်းဦးစီးဌာနမှ  မြို့ဝင်စစ်ဆေးရေးဂိတ် ဆောင်ရွက် ရာတွင်လိုအပ်မည့် အချက်များကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ စျေးများနှင့် စားသောက်ဆိုင်များတွင် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌမှ လက်ရှိဆောင်ရွက်နေသည့် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်းကောင်း   အသီးသီး တင်ပြ ဆွေးနွေးပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်တီဝင်များ၊ ကျန်းမာရေးအထောက်အကူအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)