မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်

မြောက်ဦး  ဧပြီ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ UNESCO ဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က ရှစ်သောင်းပုထိုးတော်ကြီးနှင့် တုက္ကံသိမ်ပုထိုးတော်ကြီး နေရာများ၌ ပေါက်ရောက်နေသော ခြုံနွယ်များ၊ လမ်းဘေးဝဲယာရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးညိုမြင့်ထွန်း ဦးဆောင်၍၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲ မှူးကြီးခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း (၅၀၀) ဦးတို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ ရှေးဟောင်းယာဉ်ကျေးမှု ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်တော်များနှင့် အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက်ကြသော ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ ဘုရားဖူးမျှော်နိုင်ရန်အတွက် ဘုရားပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ ခြုံနွယ်ပိတ် ပေါင်းများနှင့် ပေါင်းမြက်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းခဲ့ကြပြီးနောက် မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)