မချမ်းဘော ဧပြီ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်သူများခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေရာများတွင် လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်ပြသနိုင်ရေး အသိပေးနှိုးဆော်မှုကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင် အသိပေးလှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ နှိုးဆော်မှုများတွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံး၀င်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက်ဆောင် ရွက်ပေးလျက် ရှိရာ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုရာနေရာများ တွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရား၀င် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) အား ဧပြီလ (၁) ရက်နေ့နံနက် (၆) နာရီမှစ၍ ပြသစစ်ဆေး ခံရမည်ဖြစ် ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများ ခွင့်ပြုတော ့မည်မဟုတ်ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်း များသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း စသည့်အချက်များ ပါ၀င်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မချမ်းဘောမြို့နယ် လ၀က၀န်ထမ်းများ၊ ပြန်/ဆက် မြို့နယ်ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်