သထုံ ဧပြီ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရုံးဌာနများ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါကလည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ချက်ချင်းရှေးဦးမီးငြှိမ်း သတ်နိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက သထုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်း၏ ဦးဆောင်မှုဖြင့် ခရိုင်မီးသတ်စခန်း ဒုတိယ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေးတို့အတွက် မီးလောင်မှုဖြစ်ပွားရသည့် အဓိကအချက်များနှင့် ပြည်သူများ အနေဖြင့် မီးလောင်မှုမဖြစ်ပွားအောင် လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည့် မီးဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို အသိပညာပေး ဆွေးနွေးဟောပြောပြီး အရေးပေါ် မီးလောင်မှု ဖြစ်ပွားလာပါက ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေးအတွက် ချက်ချင်းရှေးဦးမီးငြှိမ်း သတ်နိုင်ရေးတို့ကို ဝန်ထမ်းများနှင့် ပူးပေါင်းကာ ဇတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)