မိုးနဲမြို့ လူထု‌အခြေပြုဗဟိုဌာန၌ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပို့ချ

မိုးနဲ ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းစီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးပြုစုခြင်းများကို နားလည်စေ‌ရန် ရည်ရွယ်၍ အ‌ခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေတို့က သင်တန်းဖွင့်လှစ်ပို့ချ ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံများကိုသိရှိရန်၊ ကြက်ခြေနီတပ်ဖွဲ့ဝင် တိုးပွားလာစေရန်၊ အခြေခံပညာကျောင်းများနှင့် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းဆိုင်ရာ နည်းပညာများ ပိုမိုသိရှိလာစေရန်၊ ဘေးအန္တရာယ်ကျရောက်လာပါက ဆေးရုံမရောက်မီ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကြိုတင်ကုသကာကွယ်ပေးနိုင်ရန်နှင့် ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၂၀ ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် သင်တန်းနည်းပြများက ဒါဏ်ရာအမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ လူနာစမ်းစစ်ခြင်း၊ ပတ်တီးစည်းနည်း စသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို သုံးရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)