မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee - JCC) ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကျင်းပ

လမ်းမတော် စက်တင်ဘာ  ၁

လမ်းမတော်မြို့နယ်  UMFCCI  တွင် မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee – JCC) ၏ တတိယအကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့ တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့ တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ခိုင်မာစေရေး၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး တို့အတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် JCC ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ထူးမှ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်ပြီး ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာ-ဂျပန်စင်တာ (Myanmar Japan Center-MJC) မှလည်း နိုင်ငံတွင်း လူ့စွမ်းအားအရင်း အမြစ်များ တိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာ သင်တန်းများ၊ Seminar များ၊ Networking သင်တန်းများ၊ Business Matching ပွဲများ ကျင်းပပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် JICA Myanmar မှ Senior Representative ဖြစ်သူ Mr. Kon Tetsutaro နှင့် အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် MJC ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးသက်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး MJC မန်နေဂျာ ဒေါက်တာသန်းသန်းအောင်နှင့် အကြံပေးပုဂ္ဂိုလ် Mr. Kunihiro Yamauchi တို့မှ MJC Project ကိစ္စရပ်များ၊ အကောင်အထည်ဖော်ခြင်းနှင့် ဘဏ္ဍာရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ သည်။

မြန်မာနိုင်ငံ၏ စက်မှုနှင့် စီးပွားရေးကဏ္ဍများတွင် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ Japan International Cooperation Agency (JICA) နှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်း၍ မြန်မာ-ဂျပန် စင်တာ (MJC) အား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်