ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

စစ်တွေ   ဧပြီ  ၂

ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ရခိုင်ပြည်နယ်အတွင်း ဆီစက်များရှိသော် လည်း ဆီဖူလုံမှုမရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိလုပ်ကိုင်နေ ဆီစက်များကို အဆင့်မြှင့်တင်ရန် လိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်များတွင် မြေပဲစိုက်ပျိုးသည့် တောင်သူများစွာရှိသည်ကို သိရှိရပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်းကာ စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှလည်း ဆီစက်လုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသောတောင်သူများကို လိုအပ်သောနည်းပညာများပံ့ပိုးပေးနိုင်ရန် အသင့်ရှိကြောင်း၊ လုပ်ငန်း ရှင်များနှင့် တောင်သူများအကျိုးရှိအောင် ချေးငွေများထုတ်ချေးနိုင်ရေး တင်ပြဆောင်ရွက်ပေးသွားရ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာအလိုက် ပဲစိုက်တောင်သူစာရင်း၊ ဧကစာရင်း များကို ကောက်ယူရန်လိုအပ်ပါကြောင်းနှင့် ပဲအထွက်ကောင်းမွန်ရေး နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ဆီစက်လုပ်ငန်းရှင်များလည်း အဆင်ပြေမည်ဖြစ်သည့်အတွက် လိုအပ်ချက်များကို ထဲထဲဝင်ဝင် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ပြည်နယ်အတွင် စားသုံးဆီဖူလုံစွာ ထွက်ရှိနိုင်ရေးအတွက် မိမိတို့ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဆီစက်လုပ်ငန်းရှင်များက မြို့နယ်အလိုက် ဆီထွက်သီးနှံ များစိုက်ပျိုးထုတ်လုပ်နေမှု၊ မြေပဲများအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနေမှု၊ ပဲများဝယ်ယူသိုလှောင်နိုင်ရန် အရင်းနှီးချေးငွေများလိုအပ်မှု၊ ဆီစက်များအဆင့်မြှင့် တင်ရန်လိုအပ်နေမှု၊ မျိုးကောင်း၊ မျိုးသန့်များလိုအပ်မှုနှင့် ဓာတ်မြေဩဇာလုံလောက်စွာ ရရှိနိုင်ရေးတို့ကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး ဆီစက်လုပ်ငန်း ရှင်များအသင်းအားဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)