သာစည် ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းဝင်ရောက် ဖြတ်သန်းသွားလာကြမည့်ခရီးသွားပြည်သူများနှင့် အများပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိ/မရှိမေးမြန်းကာ ကိုင်ဆောင်ထောင်ပြစနစ်ဖြင့် စစ်ဆေးပြီး ခရီးသွားပြည်သူများအနေဖြင့် တာဝန်ရှိသူများကစစ်ဆေးသည့်အခါ နိုင်ငံသားစိစစ်ရေး ကတ်ကို ကိုင်ထောင်ပြသခြင်းဖြင့် ကူညီပေးရန်၊ ခရီးသွားသည့်အခါတိုင်း နိုင်ငံသားကတ်ယူဆောင် ကြရန်နှင့် နိုင်ငံသားကတ်မရှိသူများအနေဖြင့် မိမိဒေသပြန်ရောက်သည့်အခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့၌ဆောင်ရွက်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားစစ်ဆေးခြင်းကို အဆိုပါနေရာ၌ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံသားကတ်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဒေါ်အုန်းသန်းတို့ ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)