ငါးမျိုးပြုန်းတီးမှုမရှိစေရေး အသိပညာပေးနှိုးဆော်

ဗန်းမော် ဧပြီ  ၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဗန်းမော်မြို့နယ်အတွင်း၌ အင်းသားကြီးများ၊ ငါးလုပ်ငန်းလုပ်ကိုင်သူများအား ငါးရစ်ငါးသန်ရာသီချိန်အတွင်း ငါးရစ် ငါးသန်များ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော် ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ကမ်းနားဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းနှင့် မြိုနယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများတို့က ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရန်၊ ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ငါးစားသုံးမှု ဖူလုံစေပြီး ပိုလျှံသည်များကို ပြည်တွင်း၊ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ ငါးရစ်ငါးသန်ကာလဖြစ်သည့် တန်ခူးလဆန်း (၁)ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ (၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့)အထိ သတ်မှတ်ထားပါကြောင်း၊ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တမံများ၊ သဘာဝရေပြင် အနှံ့အပြား၌ ငါးရစ် ငါးသန်ချိန်တွင် ငါးများလွတ်လပ်စွာ ဥချသားဖောက်နိုင်ရေးနှင့် ဆက်လက်ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးသန်နှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြရန်၊ ငါးမျိုးပြုန်းတီးစေနိုင် သည့် တားမြစ်ငါးဖမ်းနည်းများဖြင့် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြ ရန်နှင့် ကိုယ်တိုင်အသိစိတ်ဖြင့် လိုက်နာဆောင်ရွက်ကြရန် စသည့် လိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်ပြီး ကချင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)