မွန်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ညမထွက်ရအမိန့်ကို  ၂ နာရီ ဖြေလျော့သတ်မှတ်ပေး

မော်လမြိုင်  ဧပြီ  ၂

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ၂ နာရီ ဖြေလျော့သတ်မှတ်ကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ သိရသည်။

ညမထွက်ရအမိန့်ဖြေလျော့ပေးမှုကို ဧပြီလ ၁ ရက် (ယနေ့)မှ စတင်သက်ရောက်မည်ဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒါကြောင့် သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင် ယခင်က ည မထွက်ရအမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီဟု ဖြေလျော့ ထုတ်ပြန်ပေးခဲ့သည်။

ထို့အပြင် ယခင် ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မော်လမြိုင် မြို့နယ်နှင့် ချောင်းဆုံ မြို့နယ်တို့လည်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိဟု ဖြေလျော့ သတ်မှတ်ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်နှင့် ရေးမြို့နယ်တို့၌ ည ၈ နာရီမှ နံနက် ၄ နာရီအထိဟုသာ ညမထွက်ရ အမိန့်  ထုတ်ပြန်ထားပြီး ကျန်ရှိသည့် မြို့နယ်များအနေဖြင့် ယခင်ညမထွက်ရအမိန့် ထုတ်ပြန်ချက်များ အတိုင်း ပြောင်းလဲခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး ထိခိုက်ပျက်ပြားမှု မရှိစေရေးအတွက် လူစုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုး အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်း ဆန်ခတ်မှုများ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။

ထို့အပြင် လူ(၅) ဦးဖြစ်စေ လူငါးဦးထက်ပို၍ဖြစ်စေ မြို့နယ်အတွင်း အများပြည်သူသွားရာ လမ်း၊ လမ်းကြား၊ လမ်းသွယ်၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော နေရာများ၌ စုဝေးခြင်းမပြုလုပ်ကြဖို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်၊ မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်တချို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်နှင့် လူ ၅ ယောက်ထက်ပိုပြီး စုဝေးခြင်း၊ ဆန္ဒပြခြင်းမလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တင်ဇာစိုး(ပြန်/ဆက်)