တိုက်ကြီးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

တိုက်ကြီး  မတ်  ၃၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးကိုပေါ့ဆစွာအသုံးမပြုရေး၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဉီးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၅ နာရီက ရပ်ကွက်/ကျေးရွာများသို့   အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ခိုင်ခံ့သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ ပြည့်စုံစွာထားရှိကြရန်၊ မီးဖိုများကို မြေကျင်းတူး၍ အကာအရံဖြင့် ချက်ပြုတ်ကြရန်နှင့် မီးဖိုအနီး လူစောင့်အမြဲရှိရန်၊ သုံးစွဲပြီး မီးများကို စနစ်တကျငြိမ်းသတ်ရန်၊ ဟောင်းနွမ်း၊ ပျက်စီး၊ ချို့ယွင်းနေသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များနှင့် လျှပ်စစ်မီးဖို၊ ဂတ်စ်မီးဖိုများကို အသုံးမပြုရန်၊ယာဉ်ပိုင်ရှင်များ အနေ ဖြင့် မိမိတို့၏ မော်တော် ယာဉ်ပေါ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ် ဆေးဘူးများဆောင်ရွက်ထားရှိရန်နှင့် အမှိုက်များအား စည်းကမ်းမဲ့မီးရှို့ခြင်း မပြုလုပ်ကြရန် အသိ ပညာပေးနှိုးဆော်ထားကြောင်း သိရသည်။  

စန်းကလျာခိုင်(ပြန်/ဆက်)