သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်         

သီပေါ ဧပြီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊တိုက်ကျွေးခြင်း ယနေ့နံနက်(၉)နာရီ အချိန်က  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုး ရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)