ဥတ္တရသီရိ ဧပြီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ(၂)နာရီက မီးခိုးမြူငွေ့အန္တရာယ် စုပေါင်း ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Showတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က မီးခိုးမြူငွေ့ ညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဆိုးကျိုးများ၊ မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအချို့ရဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှု အခြေအနေနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက် ရမည့် အချက်များကို ဆွေးနွေးခဲ့ကြပြီး အသိပညာပေး Talk Show အပြီးတွင် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ကမ္ဘာမြေကို ထိန်းသိမ်းခြင်း ရုပ်ပြကာတွန်းစာအုပ်များ လှူဒါန်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ ပုံပြင်ပြောခြင်းအစီအစဉ်များ စသည့် အသိပညာပေး လုပ်ငန်းများကို Online မှတဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အသိပညာပေး မီးခိုး မြူငွေ့အန္တရာယ် စုပေါင်းကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဥတ္တရခရိုင်