ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာ ပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁၅) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ပြန်လည် ဝင်ရောက်လာသူများရှိပါက ချက်ချင်းသတင်းပို့တင်ပြစေရေး၊ ပြည်သူများသို့ အသိပေး ပန်ကြားချက်များအား အသံချဲ့စက်ဖြင့် ကြေညာ အသိပေးဆောင်ရွက်ရေး၊ ပိုးတွေ့လူနာနေအိမ် ပတ်ဝန်းကျင်ရှိ ပြည်သူများ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီသတင်းပို့တင်ပြစေရေး၊ Mask တပ်ဆင်ခြင်းမရှိသူများအား ပညာပေး ထိန်းသိမ်း ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်အောင်စိစစ်ရေး၊ မဲဆွယ်စည်းရုံး ရေး ကာလအတွင်း ရပ်ကွက်များ အလိုက် အေးချမ်းတည်ငြိမ်မှုရှိအောင်ဆောင်ရွက်ရေး ၊ ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးသည့် အမှုတွဲများ အမြန်တင်ပြရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြု လုပ်ငန်းများ လျာထားတင်ပြရေးနှင့် Mapping ကိစ္စရပ် အမြန်ပြီးစီးရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ နှင့် ဆောင်ရွက်ရန်ဘဏ္ဍာငွေခွဲဝေရရှိရေးအတွက် တင်ပြထားရှိမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)