ဗဟန်း ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်းမကြီး၊ ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ၊ ခြင်းလုံး အားကစားရုံးတွင် ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗဟန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်က နိုင်ငံသား ကတ် အသုံးဝင်ပုံ၊အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်းအကြောင်းနှင့် ဥပဒေနှင့် ညီညွတ်မှုမရှိပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်း ပြောကြားသည်။
ထိုနောက်မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် လျောက်ထားသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်လျောက်ထားသူများ၊ နိုင်ငံသားကတ် အသစ်လဲလှယ်လျောက်ထားသူများ၊ နိုင်ငံသားကတ်၊ ပျောက်ပျက် လျောက်ထားသူများအား နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက် ပေးခြင်းတို့ကို သတ်မှတ်စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ပေးကြသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က လာရောက်ဆောင်ရွက်နေသော ရပ်ကွက်နေ ပြည်သူများအား အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်း ကူညီပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်