ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်ဖြူ ဧပြီ ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးမင်းထွဏ်းက ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် မြို့မိ၊မြို့ဖများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် ရခိုင့်ရိုးရာနံသာသွေး ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း၊  သင်္ကြန်ပွဲတော် ရက်များတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့ ပြိုင်ပွဲများ၊ သီဆိုဖျော်ဖြေပွဲများနှင့် စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံ သွားမည်ဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပပေးနိုင်ရန် အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ခရိုင် ပြန်/ဆက်)