မိုင်းဆတ် ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းနည်းပြများနှင့် အားကစားသင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာ ဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်လင်းအောင်က နွေရာသီအားကစားသင်တန်းသည် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများဖြစ်သည့် “မြန်မာ့အားကစားမှ ကမ္ဘာအားကစားသို့” ဆောင်ပုဒ်နှင့်အညီ မြင့်မားသော ရည်မှန်းချက်၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ် များကို စနစ်တကျ တတ်မြောက်စေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား ပိတ်သိမ်းသည့်အနေဖြင့် Fitness Dance အကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် Fitness Dance စသည့် အားကစားနည်းများကို ဧပြီလ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ တစ်ပတ်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်