တောင်ကြီး ဧပြီ ၁
နိုင်ငံတော်အတွက်အားထားရသော လူငယ်လူရွယ်များအား အားကစား၊ ပညာရေးနှင့် ကိုယ်ရည်ကိုယ်သွေး ထူးချွန်ထက်မြက်သော သူများဖြစ်လာစေရေးအတွက် အားကစားနှင့်ကာယ ပညာသိပ္ပံ (တောင်ကြီး)မှ ပြုစုပျိုးထောင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)သို့ တက်ရောက်လိုသော သင်တန်းသားများအား ခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဘောလုံး၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုနှင့် ဘော်လီဘောစသည့် အားကစားနည်း (၁၀) မျိူးကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖြစ်၍ တက်ရောက်လိုသော သင်တန်းသားများအနေဖြင့် အခြေခံပညာအလယ်တန်း(၇)တန်း အောင်မြင် ပြီးသူ၊ အရပ်အမြင့် အမျိုးသား (၅´ ၄¨) ၊ အမျိုးသမီး (၅´ ၂¨) ရှိသူ၊ သတ်မှတ် ကိုယ်အလေးချိန်နှင့် သက်ဆိုင်ရာ အားကစားနည်းကို ကျွမ်းကျင်မှုရှိပြီး သင်တန်းစည်းကမ်းများ လိုက်နာနိုင်ရမည် ဖြစ်ကြောင်း သိရသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင်တက်ရောက်ရန် သင်တန်းသားများအား ဧပြီလ ၂၀ ရက်နေ့မှစတင်၍ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ လွိုင်လင်၊ လဲချား၊ လင်းခေး၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များတွင် အားကစားနည်းအလိုက် ကျွမ်းကျင်မှု၊ ကြံ့ခိုင်စွမ်းရည်နှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများအပြင် ပညာအရည်အချင်း အထောက်အထား စစ်ဆေးမှုများကိုဆောင်ရွက်ပြီး သင်တန်းသားရွေးချယ် သွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်နိုင်လင်း