သံဖြူဇရပ် ဧပြီ ၁
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာနတ်ရှင်(ရွှေဂူ) ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ရွှေဂူ (နတ်ရှင်) ရေးသားသည့် စာအုပ်တွင် ပါရှိသည့် လူငယ်များကို ပျိုးထောင်ပေးပါ၊ ပုံပြင်ထဲကဓမ္မသင်ခန်းစာ၊ မိတ်ဆွေကောင်းနှင့်ခရီးသွားပါ၊ ငြိမ်းချမ်းသော မိသားစုဆီသို့၊ စာဖတ်ခြင်းအတတ်ပညာ အကြောင်းအရာများကို Book Club အဖွဲ့ အတွင်းရေးမှူး ဦးမင်းကျော်ဝင်းက ဖတ်ကြားဆွေးနွေးပြောကြားခဲ့ပြီး လူကြီးနှင့်လူငယ်၊ ခေတ်ကိုပြောသော စကားများ၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ အမူအကျင့်ဆိုးများ၊ လူငယ်နှင့် အပေါင်းအသင်း အကြောင်းအရာများကို စာပေဝါသနာရှင် ဦးမြတ်မင်းက ဖတ်ကြားဆွေးနွေး သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးသီ