နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်

နမ့်ခမ်း ဧပြီ

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံဖြစ်ပွားမှု မရှိစေရန်နှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

 နမ့်ခမ်းမြို့တွင် မြို့ပေါ်ရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက်  မြို့ပေါ်ရပ်ကွက်များ၊ စည်ပင် သာယာမြို့မစျေး၊ ပြည်ထောင်စု လမ်းမကြီးနှင့် မြို့တွင်း လမ်းဆုံနေရာများသို့ ကျန်းမာရေး အသိပညာပေး နှိုးဆော်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှု လျှင်မြန်သည့် မျိုးဗီဇပြောင်း အိုမိခရွန် ရောဂါအဖြစ် ကူးစက်ပျံ့နှံလျက်ရှိပြီး ရောဂါကူးစက် ဖြစ်ပွားမှု  ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာ မကြာခဏ ဆေးကြောရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face Shield) တွဲဖက်တပ်ဆင်ရန်၊ ပြင်ပမှပြန်လာပါက သက်ကြီးရွယ်အိုရောဂါ အခံရှိသူများနှင့် နီးကပ်စွာ နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန်၊ ရောဂါသံသယ လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးလမ်းညွှန်ချက်များကို  တိကျလိုက်နာ ဆောင်ရွက်ရန် စသည့်အချက်များကို လည့်လည်နှိုးဆော်ပြီး      လူစည်ကားသည့် လမ်းဆုံနေရာ များနှင့် စားသောက်ဆိုင်များတွင် ပြည်သူများ ဖတ်ရှု သိရှိနိုင်ရန် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗွီနိုင်းပိုစတာများ ကပ်နှံ ပြသထားသည်။ 

အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နမ့်ခမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ဆိုင်ထွန်း(နမ့်ခမ်း)