တွံတေး ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို ဆောက်လုပ်မည်ဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ပျော်ရွှင်စွာ ရေကစားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရာနာယူရန် ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇာနည်မောင်က မဟာသင်္ကြန်ကာလ ဗဟိုမဏ္ဍပ်လုံခြုံရေး၊ စည်ကားသိုက်မြိုက်ရေးတို့အား ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် သင်္ကြန်ကာလ မိမိတို့ရုံးဌာနများ လုံခြုံရေး စနစ်တကျ တာဝန်ချထားရန် ပြောကြားပြီး မြို့မိမြို့ဖ တစ်ဦးက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ အသီးသီး ဖွဲ့စည်းပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၏ တင်ပြ ဆွေးနွေးမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးသား