မိုင်းယန်း ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသော “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်သူများနှင့် လူငယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာပေဝါသနာရှင်များနှင့် အသင်းအဖွဲ့များဖြင့် စာဖတ်ဝိုင်းကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် (Book Club) အသင်းဝင် ဦးစိုင်းရှဲန်ဝန်းမှ “ရွှေရောင်လေးတွေ လင်းလက်ခွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အသင်းဝင် ဦးရဲထက်လင်းမှ “တကယ်ချစ်ရင် မခြိမ်းခြောက်ပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး