ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ပေး

ထန်းတပင်(ရန်ကုန်) ဧပြီ ၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူများ အတွက် အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကွန်ပျူတာပညာရပ်ကို အခြေခံတက်မြောက်စေရန် ရည်ရွယ်၍ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ ဧပြီလ(၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ (၁) လ ကြာမြင့်မှာ ဖြစ်သည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လျက်ရှိသည့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်း သူများကိုလည်း ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ (ပြ) ဦးဇင်မင်းထိုက်က အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်