နေပြည်တော် ဧပြီ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါစာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်ဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
စာစစ်ဌာနများတွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်၊ မမှန် စစ်ဆေးခြင်းများကို ဆရာ၊ ဆရာမ များကစနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ စာစစ်ဌာနစုစုပေါင်း(၅၂)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၁၇၂၂၈) ဦးစာရင်းပေးသွင်းကြပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀၉၅) ဦး ဝင်ရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၄၂ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)