လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ နွေရာသီကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

လားရှိုး ဧပြီ ၁

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် (၉)နာရီအချိန်က နွေရာသီ ကွန်ပျူတာ အခြေခံ သင်တန်းဖွင့်ပွဲကျင်းပကြောင်းသိရသည်။

နွေရာသီ ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား၌ လားရှိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာ နွေရာသီ ကျောင်းပိတ်ရက်ကာလ၌ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပ သင်တန်းများတွင် သင်ကြားရန်အခက်အခဲရှိ‌နေသူများကို အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်း လူထု အခြေပြုဗဟိုဌာန၌ အခမဲ့အသုံးပြုနိုင်သည့် ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ကွန်ပျူတာခန်းမ၊ ကလေးငယ်များအတွက် စီစဉ်ထားသောကလေးစာဖတ်ခန်းများ၏ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ကွန်ပျူတာ အခြေခံသင်တန်းသို့ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ၊ ကျောင်းသား ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဦးထက်မြတ်မိုး(ရွှေပြည့်အိမ်) Computer Training Cantreမှ အခမဲ့ပို့ချသင်ကြားသွားမည်ဖြစ်ကာ သင်တန်း ကာလ(၁)လ ခွဲဖြင့် ကွန်ပျူတာအခြေခံ သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဟန်ဌေး