မံစီ ဧပြီ ၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နေ့လည် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် “ လူငယ်အညွန့်အဖူးလေးများအတွက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ စာပေချစ်မြတ်နိုးသူ အချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များကစာရေးဆရာ ချစ်နိုင် ( စိတ်ပညာ) ရေးသားထားသည့် “ လူငယ်အညွန့်အဖူးလေးများအတွက် ”စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ ခေါင်းစဉ်တစ်ခုစီဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)