မက်မန်း ဧပြီ ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ ဝန်ထမ်းများ ယမန်နေ့နံနက်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က “ယခုကဲ့သို့ နယ်စွန်နယ်ဖျား လာရောက် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ဂုဏ်ယူမိပါကြောင်း၊ မိမိတို့သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ကြ စေလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်သွားကြရန်လိုကြောင်း” ပြောကြားပါသည်။
ဆက်လက်၍ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျောင်သောင်းမှ ဒေသအချက်အလက်များ၊ ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို လည်းကောင်း၊ ဒေသတွင်း သား၊ ငါး၊ ဆန်၊ ဆီ ဖူလုံမှုရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ သည် မွန်းလွဲ(၁)နာရီတွင် မက်မန်း ခရိုင်အတွင်းရှိ အသက်(၆၅)နှင့်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများသို့ ကိုဗစ်-၁၉ ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်