နောင်တရားမြို့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် ကော်မတီဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

နောင်တရား     စက်တင်ဘာလ    ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နောင်တရားမြို့၊မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း က COVID-19 ရောဂါပြည်တွင်းကူးစက်မှု များပြားလာပြီဖြစ်သည့်အတွက် မိမိတို့ဒေသတွင်း ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမူရေး အသင်းအဖွဲ့များနှင့် ဒေသခံရပ်မိရပ်ဖများက ယခင်ကဲ့သို့ စည်းစည်းလုံးလုံးနှင့် ပူးပေါင်းဆောင်ရွက်မှသာ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အောင်မြင်နိုင် မည် ဖြစ်ကြောင်းပြောသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Quarantine Center ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ဆင်အသုံးပြုစေရေးအတွက် ဆောင်ရွက်ခြင်း၊ စားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချစေရေးအတွက် စစ်ဆေးခြင်းနှင့် ကူးစက်ရောဂါ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ကျန်းမာရေးဌာနသို့ အချိန်မှီအကြောင်းကြားခြင်းစသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် မြို့အုပ်ချုပ်ရေးမှူးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)