ပေါင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာ ဘာသာရပ် စတင်ဖြေဆို

ပေါင် မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ကာ နိုင်ငံတဝှမ်း၌ မြန်မာစာ ဘာသာရပ်ကို တစ်ပြိုင်နက် စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၇ ခုသို့ လာရောက် ဖြေဆိုသူ (၉၄.၃၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ပေါင်မြို့နယ်တွင် အ.ထ.ကပေါင်၊ အ.ထ.က-နတ်ကြီးချောင်၊ အ.ထ.က အလှပ်၊ အ.ထ.ကမုတ္တမ၊ အ.ထ.ကဇင်းကျိုက်၊ အ.ထ.ကရင်းငြိမ်၊ အ.ထ.က သဲကုန်း စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင် တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၉၆၅)ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ (၉၁၀)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံကောင်စီဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ်အပြည့် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့သော်လည်း နိုင်ငံတဝှမ်းမှ တိုင်းနှင့်ပြည်နယ်အသီးသီး၊ နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၂၀၀ ကျော်မှာ ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းကျော် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာစစ်ဌာန အသီးသီးတွင် တင်သွင်းထားသည့် စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်နှင့် ပြင်ပမှဖြေဆိုသူ တစ်သိန်းကျော်ရှိပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

တင်ဇာစိုး(ပြန်/ဆက်)