မာန်အောင် မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိ ၃ နာရီ မေးခွန်းလွှာကို သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျဆရာ၊ ဆရာမများမှ စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းသား၊ ကျောင်းသူဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက မာန်အောင်၊ အထက(ခွဲ)စျေးတန်း၊ အထက(ခွဲ)ကျောက်တန်း၊ အထက ဇရပ်ကုန်းခင်၊ အထက ကမားစသည့် စာစစ်ဌာန(၅)ခုရှိရာ ကျောက်တန်း အထက(ခွဲ)စာစစ်ဌာနသည် ယခုနှစ် အသစ်ဖွင့်လှစ်သော စာစစ်ဌာနတစ်ခုဖြစ်သည်။
အဆိုပါ စာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၆၃ )ဦးရှိသည့်အနက် ဖြေဆိုသူ (၁၁၆၅)ဦး၊ ပျက်ကွက်(၉၈)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၂၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)