မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မြစ်ကြီးနား မတ် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား/သူဦးရေ စုစုပေါင်း (၂၆၀၀)ဦးက ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လာရောက်ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ စုစုပေါင်း ဦးရေ (၃၁၂)ဦးရှိကြောင်း၊ စာမေးပွဲဖြေဆိုသူများမှ ရုတ်တရက်နာမကျန်း ဖြစ်လာ မည့် ကျောင်းသား/သူများကို မြစ်ကြီးနားမြို့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ အဆင်သင့် ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများတွင် မြစ်ကြီးနားမြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)