ရန်ကုန် မတ် ၃၁
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံးတွင် YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္က ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့(MORS)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ အသီးသီးတို့က နိုင်ငံတကာတွင် ယာဉ်မောင်းများ မောင်းနှင်နေသည့် အခြေအနေ၊ ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာ ပြင်ဆင်ပြောင်းလဲရေး၊ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ၊ ဘတ်စ်ကားများ လိုက်နာရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက် မှုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် ရာဇသတ်ကြီး ပုဒ်မများ၊ YBS ယာဉ်လိုင်းများရှိ ယာဉ်လုပ်သား များ၏ လူ့စွမ်းအားအရင်းအမြစ်၊ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော YBS ယာဉ်မောင်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
“ ဒီဆွေးနွေးပွဲကတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေတဲ့ YBS ယာဉ်မောင်းတွေအနေနဲ့ ယာဉ် လမ်းအန္တရာယ်နှင့် ပတ်သက်ပြီး ဘေးကင်းလုံခြုံစွာ မောင်းနှင်ဖို့ရယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ ယာဉ်မောင်းတွေဖြစ်ဖို့ရယ်၊ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ ဘတ်စ်ကားဝန်ဆောင်မှုတစ်ခုဖြစ်လာစေဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေကို တစ်လကိုနှစ်ကြိမ်ဆောင်ရွက်ပါတယ်။ ဒါနဲ့ဆို စုစုပေါင်း(၇)ကြိမ် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။ YBS ယာဉ် မောင်းတွေအနေနဲ့ ကိုယ်မောင်းတဲ့ ယာဉ်ပေါ်မှာစီးနှင်းလိုက်ပါ လာတဲ့ ခရီးသည်တွေရဲ့ အသက်ပေါင်းများစွာ ကိုယ့်လက်ထဲမှာရှိတယ်ဆိုတာကို သိရှိနားလည်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း မောင်းနှင်နိုင်အောင်ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တွေကို ဆောင်ရွက်ခြင်းဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုသည်။
ယနေ့ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော် သေဆုံး နေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၂၁-ခုနှစ်က ယာဉ်တိုက်မှု (၆၄၂၀)မှုဖြစ်ပွားခဲ့ပြီး (၈၃၁၁)ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ (၃၁၅၈)ဦး အထိရှိပြီး ရန်ကုန်မြို့တွင်လည်း ၂၀၂၁-ခုနှစ်က ယာဉ်တိုက်မှု (၉၁၅)မှုဖြစ်ပွားခဲ့ပြီး (၉၁၅)ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ (၄၅၀)ဦးအထိရှိကြောင်း သိရသည်။
“ ဒီဆွေးနွေးပွဲကနေ ကိုယ်မသိသေးတဲ့ ယာဉ်လမ်းအန္တရာယ်နှင့် ပတ်သက်ပြီး အတွေ့အကြုံတွေ၊ ဗဟုသုတတွေများစွာ ရရှိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေအပေါ်မှာလည်း ဆွေးနွေးရင်းကနေ အသေးစိတ် ထပ်မံသိရှိခွင့်ရတဲ့အတွက် များစွာအကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလို့ပြောတဲ့နေရာမှာ ကျွန်တော် တို့ယာဉ်မောင်းတဲ့သူတွေက ယာဉ်စည်းကမ်းကို တိတိကျကျ လိုက်နာရုံနဲ့ မရပါဘူး။ လမ်းအသုံးပြု သူတွေအားလုံးကလည်း လမ်းစည်းကမ်းကို တိတိကျကျလိုက်နာမှသာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာနိုင်မှာပါ ” ဟု YBS ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေကို ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခုဖြစ်လာစေရေးအတွက် YBS ယာဉ်လိုင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စစ်ဆေးအရေးယူမှု (၈၁၀)မှုအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ ( YRTC )မှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)