တွံတေး စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေ ရန် ပုံစံ(၁၀)နှင့် ပုံစံ(၁၀-က)တို့ဖြင့် ကပ်ထား ကြေညာ ပေးလျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် မဲရုံပေါင်း (၃၈၄)ရုံရှိပြီး ပထမအကြိမ် မဲစာရင်း ကပ်ထား ကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၆၀၀၀၀) ကျော်ထိရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် နေရာအတွက်( ၉)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၉) နေရာအတွက် (၅ )ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် (၉ ) ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)နေရာ အတွက် (၁၀)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား လူမျိုး) နေရာအတွက် (၇ )ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိုး)နေရာအတွက် (၃ )ဦး စုစုပေါင်း(၄၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မျိုးလှိုင်(တွံတေး)