ရမ်းဗြဲမြို့၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ရမ်းဗြဲ မတ် ၃၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ကျောင်းသား၊ ကျောင်းသူလူငယ်ကလေးများ   နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာပြီး ဗုဒ္ဓစာပေများ၏ အဆုံးအမများနှင့်အညီ လိုက်နာနေထိုင်တတ်စေရန် ရည်ရွယ်လျက် နွေရာသီအခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို  ရမ်းဗြဲမြို့ အောင်စေတီဘုရားတန်ဆောင်းကျောင်းတော်တွင်  ယနေ့နံနက် ၇ နာရီအချိန်က စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အတွက် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် ဘုရားရှိခိုးနည်းများ၊ ပန်းရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်းများ  သီလခံယူဆောက်တည်ခြင်းများနှင့် ဗုဒ္ဓဘာသာ၏ အဆုံးအမစာပေများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထိုသင်တန်းကို ရမ်းဗြဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ အင်းတောင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူသော  ဆရာတော်ဦးပညာဝံသမှ နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီထိ တစ်ချိန်နှင့် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ တစ်ချိန် တစ်နေ့လျှင် ၂ ချိန် သင်ကြားပေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့်  မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ များ၏ မိဘများကိုယ်တိုင် လာရောက်စာရင်းပေးသွင်းလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)