ကြည့်မြင်တိုင် မတ် ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ (၁၀:၀၀)နာရီအချိန်က ကြည့်မြင်တိုင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင့်တယ်ခင်က မြို့နယ် အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ရာ ယမန်နေ့ အစည်းအဝေးတွင် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ရန် အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။.
ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များ၏ လက်ရှိ အခြေအနေများ၊ စံ(၅)ရပ်နှင့်ပြည့်စုံရေး၊ စာကြည့်တိုက် မှတ်ပုံတင်ရေးလုပ်ငန်းများ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီတွင် စာကြည့်တိုက်ပညာရှင်များ၊ စာကြည့်တိုက်ကို စိတ်ပါဝင်စား သူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့ဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ၏ လုပ်ငန်းညှိနှိူင်းအစည်းအဝေးကို (၂)လလျှင် တစ်ကြိမ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရည်ရည်မွန်