သံဖြူဇရပ်နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

သံဖြူဇရပ်    မတ်  ၃၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို(၃၁-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ တက္ကသိုလ်၀င်စာမေးပွဲကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၁၆)ဦးကို စာစစ်ဌာန(၅)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ရေးချုပ် ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ယစ်မျိုးရောင်ချသည့်ဆိုင်များ၊ KTV ဆိုင်များ၊ ယစ်မျိုးရောင်ချသည့်ဆိုင်များ ဖွင့်လှစ်ရောင်ချမှု မရှိစေရေးနှင့် အသံချဲ့စက်ဖွင့်လှစ်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်း က စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မဖြေဆိုမီ၊ ဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည်အထိ လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက မေးခွန်းနှင့် အဖြေလွှာများ သယ်ယူပို့ဆောင်မှု၊ ကျန်းမာရေး ဦးစီးဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် မိမိတို့ဌာနအနေဖြင့် စီမံဆောင်ရွက် ထားရှိမှုများ စာစစ်ဌာနထားရှိသည့် ကျောင်းများအနေဖြင့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး တက်ရောက် လာသော သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)