ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်

ပေါင် မတ် ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီ ကယ်ဆယ် ရေး အဖွဲ့များ​ပူးပေါင်း၍ သဘာဝအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူအများ မီးဘေးလုံခြုံမှုရှိစေရေး၊ သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများ ဖြစ်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍  ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုမှ ပြောသည်။

အဆိုပါ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် သဘာဝဘေး အန္တရာယ်များဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ လေဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ယာဉ်အန္တရာယ်မတော်တဆမှုများများအပြင် တခြားယာဉ်မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များတို့ကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသည့် ရည်မှန်းချက် (၄)ရပ်အတိုင်း ဆောင်ရွက် လျက်ရှိသည့်အပြင် ရပ်ကွက်ကျေးရွာများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များပြင်ဆင် ဖွဲ့စည်း ပေးခြင်း၊ မီးကင်းထားရှိပေးခြင်း၊ နေအိမ်များတွင် မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များ ပြင်ဆင်ထားရှိမှု အခြေအနေများအပြင် စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီအရောင်းဆိုင် များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စျေးများ၊ အခြေခံပညာကျောင်းများ၊ ကျေးရွာများတွင် လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး နေ့စဉ်မီးဘေး အသိပညာပေးများကို အသံချဲ့စက်များဖြင့် ဆော်သြပေး လျက်ရှိကြောင်း သိရသည်။

တင်ဇာစိုး(ပြန်/ဆက်)